Pages

ငါ့တာဝန်ဟာ ငါ့အခွင့်ထူး

★★★★★★★★★★★★★

🍀ကိုယ့်ကိုယ်ကို တကယ်လွတ်လပ်သလား၊ မလွတ်လပ်ဘူးလားဆိုတာ စမ်းစစ်ချင်လို့ရှိရင် ကိုယ့်စည်းကမ်းကိုကိုယ် လွတ်လွတ်လပ်လပ်
ရွေးချယ်ထားသလား၊ မရွေးချယ်ထားဘူးလားဆိုတာ စမ်းစစ်ကြည့်ဖို့လိုတယ်။🍀
🌹🌹🌹
လွတ်လပ်မှုနဲ့တာဝန်သိမှုဟာ တွဲနေတယ်ဆိုတာ ဥာဏ်ရှိတဲ့လူတိုင်း သိနိုင်ပါတယ်။ အကယ်၍ လူတစ်ယောက်ဟာ မလွတ်လပ်ဘူးဆိုရင် အဲဒီလူဟာ စက်ရုပ်ပဲ။ စက်ရုပ်တစ်ရုပ်အတွက်ကတော့ တာဝန်ဆိုတာ မရှိဘူး၊ ခိုင်းတာ လုပ်လိုက်ရုံပဲ။ အကယ်၍ လူတစ်ယောက်က သူ့ကိုယ်သူ တာဝန်မယူနိုင်ဘူးဆိုရင် သူ့ကို လွတ်လပ်မှုကို စိတ်ချလက်ချပေးထားလို့ မရဘူး။ ဒါပေမယ့် ကိုယ့်ဘဝကိုကိုယ် ရွေးချယ်ယူလိုက်ပြီဆိုရင် သူ့ရဲ့လွတ်လပ်မှုနဲ့ တာဝန်သိမှုဆိုတဲ့ စုံတွဲဟာ သဘောကျစရာကောင်းတဲ့ အတွေးအခေါ်တင် မကတော့ဘူး။ အဲဒီ လွတ်လပ်မှုနဲ့ တာဝန်သိမှုဟာ သူ့သွေးကြောထဲမှာ သွေးခုန်နေသလိုပဲ သူ့ဘဝ သူ့အသက် ဖြစ်လာတယ်။ လွတ်လပ်မှုကလည်း သူ့အသက်၊ တာဝန်သိမှုကလည်း သူ့အသက် ဖြစ်လာတယ်။ ကိုယ့်ဘဝကိုကိုယ် ရွေးချယ်လိုက်တာနဲ့ တစ်ချိန်ထဲမှာပဲ ကိုယ့်ရဲ့ personal freedom နဲ့ responsibility ကိုလည်းပဲ ရွေးချယ်လိုက်ပြီးသား ဖြစ်သွားပြီဆိုတာကို ကောင်းကောင်း နားလည်တယ်။ တာဝန်ကို မကြောက်တဲ့သူဖြစ်သွားပြီ။ လွတ်လပ်မှုကို မြတ်နိုးတဲ့သူ ဖြစ်သွားပြီ။
🌹🌹🌹

My responsibility is my privilege. ငါ့တာဝန်ဟာ ငါ့အခွင့်အထူးပဲ၊၊
တာဝန်ယူရတာကိုပဲ ဝမ်းသာစရာကောင်းတဲ့ကိစ္စတစ်ခုလို သဘောထားတယ်။ တာဝန်ယူတယ်ဆိုတာ ကိုယ်လုပ်ပေးနိုင်သမျှ လုပ်ပေးဖို့ ဖြစ်တယ်။ ကိုယ်ကျိုးအတွက် မဟုတ်ဘူး။ လုပ်ပေးနိုင်သမျှ လုပ်ပေးရတာကိုပဲ အခွင့်အရေးတစ်ခုလို့ ခံယူတယ်။ နားလည်ဖို့ နည်းနည်းခက်မယ်လို့ ထင်တယ်။ ဒါပေမယ့် သေသေချာချာ စဉ်းစားပါ၊
ဒီအချက်ကို သဘောပေါက်ပြီဆိုတာနဲ့ အင်မတန်အဓိပ္ပာယ်ရှိတဲ့ လမ်းကြောင်းပေါ်ကို ရောက်သွားပြီ။ အဲသလို ကိုယ့်ဘဝကိုယ် ရွေးချယ်လိုက်ပြီးတော့၊ ကိုယ့်ရဲ့တာဝန်သိမှုကိုပါ ကိုယ့်ဟာကိုယ် ရွေးချယ်လိုက်တဲ့လူဟာ သူ့အတွက် စည်းကမ်းတို့ နည်းလမ်းတို့
ဥပဒေတို့ဆိုတာ ပြင်ပကနေ သူ့ကိုချုပ်ကိုင်ထားတဲ့အရာတွေ မဟုတ်တော့ဘူး။ သူ့အတွက် discipline က self- discipline ဖြစ်လာပြီ။ ကိုယ့်ကိုယ်ကို စည်းကမ်းရှိရှိ ထားတော့တာ၊ ကိုယ့်စည်းကမ်းကိုကိုယ် သေသေချာချာလုပ်ပြီးတော့ ကိုယ့်စည်းကမ်းအတိုင်း ကိုယ့်ဘဝကိုကိုယ် နေတာပဲ။ သိတဲ့လူတချို့ရှိတယ်၊ အင်မတန် စည်းကမ်းရှိရှိ နေကြတယ်၊ သူတို့အတွက် သူတို့လုပ်ထားတဲ့စည်းကမ်းဟာ သာမန်လူတွေရဲ့ စည်းကမ်းထက် အများကြီး အဆင့်မြင့်ပြီးတော့ အများကြီး တင်းကျပ်တယ်။

တချို့လူတွေက ဘယ်လိုပြောသလဲဆိုတော့ “မင်းက မင်းကိုယ်မင်း ရက်စက်လွန်းပါတယ်”လို့ ပြောတယ်။ “ဒါလောက်ကြီး ကိုယ့်ကိုယ်ကို ချုပ်ချယ်နေရသလား”လို့ ပြောရလောက်တယ်။ အမှန်တော့ ချုပ်ချယ်နေတာမဟုတ်ဘူး။ သူ့ဘဝ အကောင်းဆုံး ဖြစ်လာဖို့ဆိုတာ discipline ရှိကိုရှိမှ ဖြစ်တယ်ဆိုတာ သူ ကောင်းကောင်း
သိတယ်။ အဲဒါ self-discipline ပဲ။ စားတာလည်း အကန့်အသတ်နဲ့၊ မဖြုန်းဘူး။ နေတာထိုင်တာ အကန့်အသတ်နဲ့နေတယ်၊ စာဖတ်တာလည်း အကန့်အသတ်နဲ့ဖတ်မှာပဲ။ တစ်ခုခုကို နားထောင်တယ်ဆိုရင်လဲ
အကန့်အသတ်နဲ့နားထောင်မှာပဲ။ သွားရင်လည်း ငါ တကယ်သွားဖို့ လိုရဲ့လား၊ စဉ်းစားပြီးမှ သွားသင့်မှပဲ သွားမယ်၊ စည်းမဲ့ကမ်းမဲ့ စိတ်ထင်တိုင်း ထလုပ်တယ်ဆိုတာ မရှိဘူး။ သူဟာ စည်ကမ်းကို လက်ခံတယ်။ လက်ခံရမယ်လို့ တစ်ယောက်ယောက်က အတင်းအကျပ်ခိုင်းလို့ မဟုတ်ဘူး။

သူ့ဘဝကိုသူ ဘယ်လိုလုပ်ချင်သလဲ ဘယ်လိုဖြစ်ချင်သလဲဆိုတာကို သူ့ဟာသူ ရွေးချယ်ထားပြီးဖြစ်တယ်။ အဲသလို ရွေးချယ်ထားတာဟာ လွတ်လွတ်လပ်လပ် ရွေးချယ်ထားတာ ဖြစ်တယ်။ “ငါ ဒီလို စည်းကမ်းနဲ့နေချင်တယ်။ ဒီလို စည်းကမ်းနဲ့နေမှသာ ငါ့ဘဝမှာ ငါ ဖြစ်ချင်တာတွေ ဖြစ်လာမယ်” ဆိုတာ သိပြီးတော့ လွတ်လွတ်လပ်လပ်ကြီး အဲဒီစည်းကမ်းကို ရွေးချယ်ထားတာ၊၊ ဒါကြောင့် ကိုယ့်ကိုယ်ကို တကယ်လွတ်လပ်သလား၊ မလွတ်လပ်ဘူးလားဆိုတာ
စမ်းစစ်ချင်လို့ရှိရင် ကိုယ့်စည်းကမ်းကိုကိုယ် လွတ်လွတ်လပ်လပ်
ရွေးချယ်ထားသလား၊ မရွေးချယ်ထားဘူးလားဆိုတာ စမ်းစစ်ကြည့်ဖို့ လိုတယ်။ ကိုယ့်ဘဝမှာ အကောင်းဆုံးအရာတွေ ဖြစ်လာဖို့ကို ဘယ်လိုစည်းကမ်းနဲ့ နေရမလဲ၊ ဘယ်လိုလုံ့လဝီရိယနဲ့ နေရမလဲ၊ ဘယ်လိုကြိုးစားရမလဲဆိုတာကို ကိုယ့်ဟာကိုယ်သိပြီးတော့ လွတ်လွတ်လပ်လပ် ရွေးချယ်ပြီး လုပ်နေတဲ့လူ ဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာကို ကြည့်ရတယ်။ ငါဟာ သာမန်လူတွေရဲ့ စည်းကမ်းထက် အများကြီးအဆင့်မြင့်တဲ့၊ ငါကိုယ်တိုင်လုပ်ထားတဲ့ စည်းကမ်း၊ ငါ ကျေကျေနပ်နပ်ရွေးချယ်ထားတဲ့ စည်းကမ်းနဲ့ ငါ့ဘဝကိုငါ နေနေတာ။ ဒါကြောင့် ငါ့ကို သူများအုပ်ချုပ်နေဖို့ မလိုဘူး။ ငါဟာ လွတ်လပ်တဲ့လူ ဖြစ်တယ်။✌✌✌
🏃💃🚶 ➖ 🔹🍄🍄🔹 ➖ 🚶💃🏃

♻ ဆရာတော်ဦးဇောတိက ♻

🍁 ( မဟာမြိုင်တောရ ) 🍁

▫ ▫ ၏ ▫ ▫
🌲“ ဘာကို တန်ဖိုးထားရမလဲ ” 🌲
စာအုပ်မှ ကူးယူ ဖော်ပြပါသည်၊၊

{Credit to ကိုစိုးပိုင်}

ကြို့ပင်​​ကောက်​သား​လေးဖိုးချမ်း

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment